Vist Lovebird Mania, the website dedicated to Lovebirds MINMINKO: သူတစ်ပါးကိုအားကျခြင်း
Please click play buttom to play song

Tuesday, September 4, 2007

သူတစ်ပါးကိုအားကျခြင်း

လူတို့၌ တစ်ပါးသူတို့ကိုမြင်လျှင် အားကျသော စိတ်ဓာတ် သဘောကလေးများ ရှိတတ်သည်။ သူတော်ကောင်းသူမြတ်လောင်း တို့ကို မြင်လျှင် ငါသည် ထိုသူကောင်းတို့ကဲ့သို့ ဖြစ်လျှင် ကောင်းလေစွဟူ၍ လည်းကောင်း၊ ပညာဉာဏ် ထက်မြက် ကြီးရင့်သော ပုဂ္ဂိုလ်ထူး တို့ကိုမြင်လျှင် ငါလည်း ထိုသို့သော ပညာရှိပုဂ္ဂိုလ်ကြီးဖြစ်ရသော် ကောင်းလေစွ ဟူ၍လည်းကောင်း၊ ဥစ္စာစည်းစိမ် ချမ်းသာ ကြွယ်ဝ သော သူဌေးသူကြွယ် တို့ကိုမြင်လျှင် ငါလည်း ၎င်းတို့ကဲ့သို့ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံမူ ကောင်းလေစွဟူ၍လည်းကောင်း တောင့်တ အပ်သော စိတ်အလိုဆန္ဒတို့သည် တိုက်တွန်းနှိုးဆော် ပေါ်လာတတ်ကြလေသည်။ သို့သော်လူတို့သည် တောင်းတကာမျှဖြစ်သည်။

မိမိတို့ တစ်သီးပုဂ္ဂလ အားဖြင့် ဆိုင်ရာဆိုင်ရာ ထူးခြားသော စိတ်ထား သဘောထား တို့မူကား တစ်ဦးနှင့်တစ်ဦး မတူနိုင်။ ပညာရှိ သော်လည်း ပညာချင်း မတူနိုင်။ ချမ်းသာကြွယ်ဝသော်လည်း ချမ်းသာခြင်းမတူနိုင်။ တစ်ယောက် တစ်မျိုး သာလျှင် ဖြစ်ချေသည်။ အချုပ် ကိုဆိုသော် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ပင် သူတစ်မျိုး ငါတစ်ဖုံ ဖြစ်ကြပေသည်။ တစ်ခါတစ်ရံ ကျွနိုပ် တို့သည် အလုပ်ချင်း တူသော်ငြားလည်း သူတစ်ပါး အလုပ်က ကောင်းနိုးနိုးဖြင့် ထိုသူ၏ အလုပ်ကို အားကျ တတ်ပေသည်။ သူတစ်ပါး စားနေသည်ကိုမြင်လျှင် မိမိလည်းစားလိုသောစိတ်များ ပေါ်လာတတ်သည်။ သို့သော် ကျွနိုပ်တို့သည် မိမိဘက်က ချည်းသာ မဟုတ်ဘဲ သူတစ်ပါး ဘက်ကပါ တစ်ပြိုင်နက်တည်း မြင်နိုင်စွမ်းသော သတ္တိရှိပါက မိမိသည် သူတစ်ပါးကို အားကျ နေခိုက် သူတစ်ပါး လည်း မိမိကို အားကျနေသည်ကို တွေ့ကောင်း တွေ့ရလိမ့်မည်။ စင်စစ်အားဖြင့် လောကကြီး၌ မည်သည့် အရာမဆို စိတ်အထင် မျှသာ ဖြစ်ကြပေသည်။ ဘဝအဖြစ်ချင်း မည်သို့ တူငြား သော်လည်း ကောင်းသည်ဟု ထင်ရသော သူတို့၌ ကောင်းလျှက်၊ မကောင်းဟု ထင် သောသူတို့၌ကား မကောင်းပင်ဖြစ်ပေသည်။
ဤအကြောင်းနှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ကောင်းသော ဒဏ္ဍာရီ ဝတ္ထု ကလေးတစ်ရပ် ရှိပေသည်။ ရှေးသရောအခါ မြည်းတစ် ကောင်နှင့် လားတစ်ကောင် တို့သည် ချောင်းငယ်ကလေး တစ်ချောင်းကို ဖြတ်ကူကြလေသည်။ မြည်းမှာ ကျောကုန်း၌ သိုးမွေးထုပ်ကြီး တစ်ထုပ် ပါလျှက်၊ လားမှာမူကား ဆားထုပ်ကြီး တစ်ထုပ် ပါရှိလေသည်။ ရေတွင်ကူး၍ ဖြတ်သန်းကြရာ လား၏ ကျေားကုန်းပေါ်ရှိ ဆားထုပ်မှာ ရေထိကာ ဆားများအရေပျော်၍ ကျကုန်သဖြင့် ဝန်ထုပ်မှာ များစွာ ပေါ့သွားလေသည်။ ကမ်းတစ်ဘက်သို့ ရောက်ကြသော အခါ လားကမြည်းအား မိမိ၏ဝန်ထုပ်ကို ရေစို သဖြင့် ပေါ့သွားကြောင်းကို ပြော၍၊ မြည်းသည်လည်း ငါ၏ဝန်ထုပ်ကို ဤသို့ရေစို လေက ပေါ့ကောင်း၏ဟု တွေးတောခါ နောက်တစ်ကြိမ် ချောင်းကိုဖြတ်သန်းရ သောအခါ ရေစိုအောင် များစွာဂရုစိုက် လေသည်။ သို့သော်မိမိ ဝန်ထုပ်မူကား ပေါ့၍သွားသည်မရှိ။ သိုးမွေးတွင်းသို့ ရေဝင်သဖြင့် သာလွန်လေးလံသောကြောင့် ခရီးဆက်လက်မသွားနိုင်ပဲ လမ်းခရီး တွင်လဲရရှာလေသည်။
စင်စစ် ကျွနိုပ်တို့တစ်ဦးစီသည် သူတစ်ပါးနှင့်မတူ တစ်သီးပုဂ္ဂလစီ ဖြစ်ကြသောကြောင့် သူတစ်ပါးနှင့် တူလိုပါသည်ဟု တောင့်တ ၍မရ၊ အားကျ၍ မဖြစ်။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် သွားရသည်ချည်း ဖြစ်သဖြင့် သူတစ်ပါးကို အားကျလျှက် အချိန်မကုန်စေ ကာ၊ မိမိတစ်ဘာသာပင်လျှင် အားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ဇေယျ ၂၀-၉-၁၉၃၃
မှတ်ချက်။ ဆရာကြီးဇေယျ၏ဆောင်းပါးကို တဆင့်ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။

1 comment:

ရွက်ဝါ said...

ကျေးဇူးတင်တယ် ကိုမင်းမင်းကို..ဖတ်လို့လည်းပြီးဘီ။