Vist Lovebird Mania, the website dedicated to Lovebirds MINMINKO
Please click play buttom to play song

Saturday, September 22, 2007

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

တစ်နေ့က ကျွန်တော် နယူးယောက်မှာ မိတ်ဆွေ တစ်ယောက်နှင့်အတူ စက္ကစီ စီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်ပုံ သိပ်ကောင်းတာပဲ”
တက္ကစီ ဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟုပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်တဲ့ နေရာမှာ ခင်ဗျား တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တာ သဘောကျလို့ပါ”
“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်းရှိတော့မှ ကျွန်တော် မေးမိသည်။
“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားလာအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲရှိတယ်” မိတ်ဆွေက ဆိုသည်။

“ခင်ဗျား တစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာကယ်နိုင်ပါ့ မလဲဗျ”
“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွား မယ်လို့ကျွန်တော် ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ နောက်ထပ် ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော် တစ်ယောက်ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီလူ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေ အပေါ်မှာလဲ ပိုကြင်နာသွားမယ် ဆိုရင် ဒီတစ်ဦးအပေါ် တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွား လိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”
“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီ ဒရိုင်ဘာ အပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားဗျာ”
“ဟာ… ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်း အပေါ်တော့လဲ ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါမလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူဆယ်ယောက်နဲ့ အဲဒီလို မေတ္တာဖြန့်ကြက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ရောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ဝင်သွားမယ်”
“စာရင်းအရတော့ အိုကေနေတာ အမှန်ပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျား တွက်ထားတဲ့ အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး”
“မဖြစ်တော့လည်း ဘာနစ်နာသွားတာ မှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျား လုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့ အတွက် ကျွန်တော့်မှာလဲ ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူး ပိုပေးစရာလဲမလို၊ လျှော့ပေးစရာလဲ မလို၊ ကိုယ့်စကား သူ့ရင်ထဲ ဝင်မသွားတော့လဲ ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီ သမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာသွားအေင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”
“အင်း… ခင်ဗျားလဲ တစ်နည်း တစ်ဖုံ ကြောင်တဲ့ ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက် ချမိသည်။
“ဟာ အဲဒါပဲ၊ ခင်ဗျားနှလုံးသားတွေ ဘယ်လောက် မာကျောနေပြီ ဆိုတာ ဒီမှာ ပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော် လေ့လာ ထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ဝန်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြု စကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ ပေါ့ဗျာ… ဟုတ်လား၊ သူတို့ အသိအမှတ်ပြုမခံရ ဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာတိုက်အလုပ်ကြီးက ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”
“ဟ၊ ခင်ဗျား လူတွေကလဲ ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”
“ခင်ဗျား ပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလဲ အရေးမစိုက်ဘူး၊ အသိအမှတ် မပြုဘူးဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့ပေါ် ကြင်နာတဲ့စကား၊ အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့်ဘူးလားဗျ”
စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦ တစ်ခုအနီးသို့ ရောက်လာသည်။ အဲသည်မှာ အလုပ်သမား ၅ ယောက်နေ့လည်စာ စားနေကြတာတွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။
“ခင်ဗျားတို့ အဆောက်အဦ ကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လဲ များမဲ့ပုံ”
အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်း ဟန်ဖြင့် ကြည့်ကြသည်။
“ဘယ်တော့ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။
“ဇွန်လ” တစ်ယောက်က တိုတိုပြတ်ပြတ် ဖြေသည်။
“ဟာ… ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့ အဖို့တော့ ကိုယ့်လုပ်ရပ် အတွက် ဂုဏ်ယူစရာပါ”
ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း… ခင်ဗျားလို ပုဂ္ဂိုလ်မျိုး ကတော့ ရှာမှရှား ပဲဗျို့” ကျွန်တော် ဘြဘာ ပေးမိသည်။
သူကအေးအေး ဆေးဆေး။
“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်မယ်၊ အဲဒီအခါကျတော့ ဝမ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီး ထဲက တခြားလူတွေ ခံစားရ လိမ့်မယ်”
“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့တော့ ထင်သလောက် ဖြစ်မလာ နိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ်ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံး အချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီး တစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ ကိစ္စဗျာ၊ အလွယ်တကူတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားသူ တွေလဲ ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…”
“ကြည့်စမ်း ဟေ့လူ… ခင်ဗျား ခုနက အရုပ်ဆိုးဆိုး မိန်းမကို မျက်စပစ်ပြ လိုက်တယ် မဟုတ်လား”
“ဟုတ်တယ်လေဗျာ၊ ဒါလောက် အရုပ်ဆိုးတဲ့ မိန်းမ ကျွန်တော်က မျက်စပစ်ပြ လိုက်တော့ သူ့ကိုလဲ သဘောကျတဲ့သူ ရှိသေးတာပဲ တွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမ တစ်ယောက် ဖြစ်မယ် ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့ ဒီနေ့ဟာ ပျော်စရာနေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။
ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။
[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie]
(ဖေမြင့်၏နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်)

အပြည့်အစုံသို့...

မြင့်မြတ်သူ

ညီငယ်ပု
ကောင်းမြတ်တဲ့ အကျင့်သီလ ရှိသူဟာ မိမိရဲ့ အကျင့်သီလကို သတိ မထား မိဘူး။
သို့ကြောင့်သူဟာ အကျင့်သီလ ရှိသူဖြစ်တယ်။
ယုတ်ညံ့တဲ့အကျင့် ရှိသူဟာ မိမိရဲ့အကျင့် မဆုံးစေဖို့ အာရုံစိုက်တယ်။
သို့ကြောင့်သူဟာ သီလမဲ့သူဖြစ်တယ်။ ကောင်းမြတ်တဲ့ အကျင့်သီလရှိသူဟာ ဘာကိုမှ မပြုလုပ် မဆောင်ရွက်ဘူး။ လျှို့ဝှက်တဲ့ သဘောနဲ့ ဆောင်ရွက်ခြင်းလည်း မပြုဘူး။ ယုတ်ညံ့တဲ့ အကျင့်ရှိသူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့သဘောနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။

ကောင်းမြတ်တဲ့ သနားကြင်နာသူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့ သဘောမရှိပဲ ဆောင်ရွက်တယ်။
ကောင်းမြတ်တဲ့ တရားဖြောင့်မှန်သူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့ သဘောနဲ့ ဆောင်ရွက်တယ်။
ကောင်းမြတ်တဲ့ ယဉ်ကျေးရည်မွန်သူဟာ ပြုလုပ်ဆောင်ရွက် တဲ့အခါ အတုန့် အလှည့်ကို မရယူဘူး။ သူဟာ ယဉ်ကျေးမှုကို အများတကာ လိုက်နာစေဖို့ အမြဲ တွန်းအားပေးတယ်။
ဒါကြောင့်
အမှန်တရား ကွယ်ပျောက်တဲ့အခါ သနားကြင်နာမှု သဘောတရား ပေါ်ပေါက် လာတယ်။
သနားကြင်နာမှု ကွယ်ပျောက်တဲ့အခါ တရားမျှတမှု သဘောတရား ပေါ်ပေါက် လာတယ်။
တရားမျှတမှု ကွယ်ပျောက်တဲ့အခါ ယဉ်ကျေးရည်မွန်မှု သဘောတရား ပေါ်ပေါက် လာတယ်။
ယဉ်ကျေးရည်မွန်မှု၊ သစ္စာရှိမှုနဲ့ ရိုးသား ဖြောင့်မတ်မှုတို့ လျော့ပါးလာခဲ့ရင် ကစဥ့် ကလျား ဖြစ်မှုတွေ စတင်ပေါ်ပေါက် လာတော့တာပဲ။
ရှေ့မှာ ဖြစ်မယ့် အကြောင်းကို နိမိတ်ဖတ် ဟောပြောသူတွေဟာ အမှန်တရား ကိုဖွံ့ဖြိုးစေ သူတွေ ဖြစ်တယ်။
သူတို့ဟာ ရူးမိုက်မှုတွေရဲ့ မူလအစကိုလည်း ဟောပြောကြတယ်။ ဒါကြောင့်-
မြင့်မြတ်သူဟာ နိမ့်ကျတဲ့ နေရာမှာနေတယ်။
မြင့်မြတ်သူဟာ ဆုံးရှုံးလျော့ပါး နေတဲ့ အကျိုးတရားမှာ မနေဘူး။
မြင့်မြတ်သူဟာ ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ အကျိုးတရား မှာသာ နေတယ်။
မြင့်မြတ်သူဟာ လှပတဲ့ စကားလုံးတွေကိုလည်း မပြောဘူး။
မြင့်မြတ်သူဟာ တစ်ခုကိုငြင်းပယ်ပြီး အခြားတစ်ခုကို လက်ခံတယ်။
Ref: The Wisdom of china စာ-၅၁ မှ Degeneration ကို ပြန်ဆိုပါသည်။
(အထက်ပါစာကို The Flower News Journal (vol-3, NO-36,SEPTEMBER 18-24,2007) မှာတွေ့လို့ သဘောကျတာနဲ့ ပြန်လည်ကူးယူ ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ဘာသာပြန်သူကတော့ စာရေးဆရာ ညီငယ်ပု ဖြစ်ပါတယ်)
ရိုးသားခြင်း၊ မြင့်မြတ်ခြင်းကို လူတိုင်းအလိုရှိကြသည်။ ရိုးသားသောသူ၊ မြင့်မြတ်သောသူဟု အပြောခံချင်ကြသည်။ သို့သော် လူတိုင်း ရိုးသားသော သူ၊ မြင့်မြတ်သောသူများ ဖြစ်မလာကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်း၊ မြင့်မြတ်ခြင်းဟူသည် အပြောလွယ်သလောက် တကယ်လိုက်နာကျင့်ကြံဖို့ရာ အလွန်ခက်ခဲ သောကြောင့် ဖြစ်သည်။ ကျွနိုပ်တို့ အားလုံး ရုပ်ရှင်ကြည့်ဖူး ကြပါလိမ့်မည်။ ရုပ်ရှင်ထဲတွင် လူဆိုးလူမိုက်ဆိုသူများကို ပရိတ်သတ်အားလုံးက မုန်းကြပါသည်။ ပရိတ်သတ်သည် ရိုးသားသောသူ၊ မှန်ကန်သောသူ၊ စိတ်ထားမြင့်မြတ်သောသူများ ဘက်က သာလျှင် အမြဲတမ်း ရှိနေတတ်သည်။ ရုပ်ရှင်ထဲ တွင် တစ်ဦးတစ်ယောက်က အခြားတစ်ယောက်အတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ကူညီလိုက်သည်ကို တွေ့လျှင် ထိုသူကို အလွန်ပင် အားကျကြသည်။ ထိုသူကို ကောင်းချီး ဘြဘာပေးကြသည်။ သို့သော် မိမိကိုယ်တိုင် အနစ်နာခံ ကိုယ်ကျိုးစွန့်ရမည့် အခြေနေမျိုး အမှန်တကယ် ကြုံတွေ့လာလျှင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွား တတ်ကြသည်။ ထိုသူတို့ကဲ့သို့ အနစ်နာခံရန် ဝန်လေးနေကြသည်။ ရိုးသားသောသူ၊ မြင့်မြတ်သောသူ ဟူသော ဂုဏ်ပုဒ်ထက် မိမိ၏ အကျိုးကိုသာ ဦးစားပေး လိုက်ကြသည်။ ရိုးသားခြင်း၊မြင့်မြတ်ခြင်းသည် သူ့အတွက် တန်ဖိုးမရှိတော့။ သူဘဝကောင်းစားဖို့ အေးအေးချမ်းချမ်းနေရဖို့ သည်သာလျှင် သူ့အတွက်အဓိက ဖြစ်သွားသည်။ ထိုအခြေနေမျိုး၌် အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သူသည် အလွန်ပင် နဲပါးလှသည်။
အချုပ်အားဖြင့်ဆိုရသော် ကျွနိုပ်တို့သည် မြင့်မြတ်သောသူများ ဖြစ်လိုလျှင် မြင့်မြတ်သောသူများကို လေးစားနေရုံ၊ အားကျနေရုံနှင့်မပြီးပါ။ သူတို့ကဲ့သို ကျင့်ကြံနိုင်အောင် ကြိုးစားသင့်ပါသည်။

အပြည့်အစုံသို့...

Thursday, September 20, 2007

သူစိမ်း

(တစ်)
ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ ပိုပြီး တိတိ ကျကျ ပြောရလျှင် ကျွန်တော်သည် ကိုယ့်ကို ချစ်ခင် ယုယ သူများ၏ လက်ပေါ်တွင် အပျင်းကြီး နေသည့် ကြောင်တစ်ကောင် ဖြစ်ပါသည်။ ခြင်္သေ့များ၊ ကျားများနှင့် ကျားသစ်များသည် ကြောင်ကြီးမျိုးနွယ် အုပ်စုထဲတွင် ပါဝင်သည် ဟူသော သတ္တဗေဒ ပါရဂူတို့၏ အဆိုအရ ကျွန်တော်သည် အဆိုပါ အကောင်ကြီးများနှင့် အလိုလို နေရင်း ဆွေမျိုး တော်စပ်နေသူ လည်း ဖြစ်ပါသည်။ သို့သော် ကြောင်တစ်ကောင်သည် ဘယ်တုန်းကမှ ခြင်္သေ့လို ဟိန်းရန် ဟောက်ရန် ကြိုးစားခဲ့ဖူးခြင်း မရှိသည်ကို သင်သတိထားမိ ပါသလား။

စကားစပ်မိ၍ ပြောရလျှင် သင်ကော ကျွန်တော်ပါ နပိုလီယန်ကို ကောင်းစွာ သိကြသော်လည်း နပိုလီယန်၏ ယောက်ဖအမည်ကို (ဘယ်သမိုင်း စာမျက်နှာကမှ မော်ကွန်း မထိုးခဲ့သောကြောင့်) မသိခဲ့ကြပါ။ ထို့အတူ အိုင်းစတိုင်း ကိုသိသော်လည်း အိုင်းစတိုင်း၏ မယားဘက်က ပါသော တူတစ်ဝမ်းကွဲ၏ အမည်ကို ဘယ်သူကမှ ကြားဖူးလိမ့်မည် မဟုတ်တာ သေချာပါသည်။
(ကျွန်တော့် အယူအဆကို သင်နားထောင်လိုမည် ဆိုပါက လောက၌ လူတို့မလိုအပ်ပဲ လျှောက်လုပ်နေကြသော ကိစ္စများ အနက် ဆွေမျိုးစပ်ခြင်း အလုပ်သည် မင်္ဂလာဆောင် အခမ်းအနား ကျင်းပပုံနှင့် ခပ်ဆင်ဆင် တူကြောင်း ပြောလိုပါသေးသည်။ အတော် ရှုပ်ရှုပ်ထွေးထွေး လုပ်ရသော ကိစ္စဖြစ်ပြီး နောက်ပိုင်းတော့လည်း ဘာမှ မဟုတ်ပါ။ )
နပိုလီယန်နှင့် ဆွေမျိုးတော်စပ်ရုံမျှဖြင့် နပိုလီယန်လို ဟိန်းဟောက်တတ်ကြသော လူများနှင့်၊ အိုင်းစတိုင်းနှင့် ဆွေမျိုးတော်စပ်ရုံမျှဖြင့် အိုင်းစတိုင်းလို ဟိန်းဟောက် တတ်ကြသော လူများသည် လမ်းမှာ ကြောင်တစ်ကောင်နှင့် ဆုံလျှင် ဦးညွှတ် အရိုအသေ ပေးသင့်ပါသည်။
(နှစ်)
ကျွန်တော်သည် ငှက်ကုလားအုတ်တစ်ကောင် ဖြစ်ပါသည်။ အများသူငါ ပြောကြသော စကားအရ ငှက်ကုလားအုတ်သည် ရန်သူကို မြင်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ဦးခေါင်း များကို သဲထဲတွင် ထိုးဝှက် ဖုံးကွယ် ထားလိုက်တတ်ကြောင်း သိရပါသည်။ မျက်စိများကို သဲဖုံးသွားသောကြောင့် ရန်သူကို မမြင်ရတော့ငြားလည်း တကယ်စင်စစ် ရန်သူမရှိတော့ခြင်း မဟုတ်ကြောင်း နားလည်အောင် ခက်ခက်ခဲခဲ ရှင်းပြစရာ မလိုအပ်လှသော်လည်း (ငှက်ကုလားအုတ်များနှင့် တစ်ချို့သောလူများအတွက်မူ) နားလည်ဖို့ အတော်ခက်ခဲကြောင်း သင် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သဘောပေါက်လိမ့်မည်။
ဉာဏ်မျက်စိကို ကျယ်ကျယ်ဖွင့်ထား မည်သူပြောခဲ့ပါသနည်း။
သင်သည် တစ်စုံတစ်ရာကို လေးခွဖြင့်ပစ်လိုပါက သင့်မျက်စိ တစ်လုံးကိုတော့ ပိတ်ထားပြီးမှ ချိန်ရန် လိုအပ်ပါလိမ့်မည်။ ကျေးဇူးပြု၍ မျက်စိများကို သိပ်ကျယ်ကျယ် မဖွင့်ပါနှင့်။
ဆယ်ထပ်တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် သင်စိတ်ကူးထားပါလျှင်မူ သင့်မျက်စိ နှစ်လုံးစလုံးကို စုံမှိတ်ထားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်တော် အကြံပေးလိုပါသည်။
(သုံး)
ကျွန်တော်သည် နှံကောင်တစ်ကောင် ဖြစ်ပါသည်။ လောလောဆယ်တွင် ကျွန်တော် အစာရေစာ ငတ်မွတ်လျှက် ရှိပါသည်ဟု ပြောလျှင် သင်တို့အနေဖြင့် ပုရွက်ဆိတ်နှင့် နှံကောင် ပုံပြင်ကို ချက်ချင်း သတိရကြ လိမ့်မည် ထင်၏။ သင်ထင်ထားသည့် အတိုင်းပင်ဖြစ်ပါသည် ကျွန်တော့်ထံသို့ ပုရွက်ဆိတ်တစ်ကောင် ရောက်လာ၏။ သင့်အနေနဲ့ အချိန်ရှိတုန်းကတော့ အစာစုဆောင်းတဲ့အလုပ် မလုပ်ပဲ အချိန်ဖြုန်းနေခဲ့ပြီး အခုမှ ကျွန်ုပ် စုဆောင်းထားတဲ့ အစာတွေကို တောင်းဖို့ စိတ်မကူးပါနဲ့၊ မပေးနိုင်ဘူး ဟုပြော၏။
ကျွန်တော်အတော်စိတ်ဆိုးသွားပါသည်။ ဘာဖြစ်လို့များ၊ ပုံပြင်တွေထဲကအတိုင်း အားလုံးက လိုက်ပြီး သရုပ်ဆောင်နေ ကြပါလိမ့် ဟုလည်းတွေးမိ၏။
တကယ်ဆိုလျှင် ပုရွက်ဆိတ်နှင့် နှံကောင် ပုံပြင်သည် အတော် ရယ်စရာ ကောင်းပါသည်။ နှံကောင်က ဘယ်လိုအကြောင်းနှင့်မှ ပုရွက်ဆိတ်တစ်ကောင်၏ အစာကို တောင်းစားဖို့ မဖြစ်နိုင်ပါ။ (စားသော အစာပုံစံချင်း မတူသောကြောင့် ဖြစ်ပါသည်။)
နှံကောင်သည် အက်ကရီဒိုင်အီဒေး(Acridiidae)အုပ်စုဝင် ပိုးမွှားတစ်မျိုးဖြစ်ပြီး သစ်ရွက်စိမ်းများနှင့် သစ်ပင်ငယ်တို့၏ ပင်စည်များကိုသာ စားသောက်တတ်သော သတ္တဝါဖြစ်ပါသည်။
ပုရွက်ဆိတ်များမှာမူ ဟိုမင်းနော့ပ်တဲရာ(Ymenoptera)အုပ်စုဝင် ဖော်မစ်ဒီမျိုး စိတ်ဖြစ်သောကြောင့် ပျားရည်၊ သကြား၊ ထမင်းတို့ကဲ့သို့ အချိုရည်ပါသော ပစ္စည်း၊ အသားအစအနများနှင့် ပျကဲ့သို့သော ပိုးမွှားငယ်များကို စားပါသည်။ ပုရွက်ဆိတ်လိုမျိုး အစာကို ကြိုကြိုတင်တင် မစုဆောင်းထားရကောင်းလားဟု အပြစ်တင်နေမည့်အစား နှံကောင်စားသော အစားအစာသည် စုဆောင်းသိုလှောင်ထားရန် မဖြစ်နိုင်သော သဘောသဘာဝ ရှိကြောင်း အရင် နားလည်အောင် ကြိုးစားသင့်ပါသည်။
ချွေတာစုဆောင်း သူဌေးလောင်း ဆိုသည့်စကားကို မှားသည်ဟု ကျွန်တော် ပစ်ပစ်ခါခါ မပြောလိုပါ။ နှံကောင်အနေဖြင့် စုတတ်ဆောင်းတတ်မည်ဆိုလျှင် သစ်ရွက်ခြောက်များ၊ သစ်ပင်ဆွေးများကို ပိုင်ဆိုင်သော ဇောတိက တစ်ကောင်ဖြစ်လာနိုင်စရာ ရှိသည်ဟုသာ ဖြေတွေးတွေးလိုက်ပါသည်။ ချွေတာစုဆောင်းနိုင်ရန် အခွင့်အလမ်းနည်းပါးလွန်းလှသည့် ဘဝများသည် လောကမှာ ရှိနေသေးသည့် အကြောင်း အခွင်အလမ်းသာသည့် တစ်ချိန်ချိန်တွင် ကျွန်တော်ပုံပြင် တစ်ပုဒ်ရေးပါဦးမည်။
မင်းခိုက်စိုးစံ

အပြည့်အစုံသို့...

Monday, September 10, 2007

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၆)

တစ်ခုသော အားလပ် ရက်မှာ ငွေကုန် သက်သာ စေရန် ဆိုင်မှာ ဝယ်မစား ဘဲနဲ့ ကိုယ်တိုင် ချက်ပြုတ် စားမယ် ဆိုတဲ့ အတွေးနဲ့ ဈေးဝယ်ရန် အလို့ငှာ အဆောင်မှ ထွက်လာ ခဲ့ပါတယ်။ ဈေးကို ရောက်တော့ ဝယ်စရာ ရှိတာ တွေဝယ်ပြီး ပြန်မယ် လုပ်တော့ နေက အတော် ပူနေပြီ။ အဲဒါနဲ့ ဆိုင်ကယ် တက္ကစီ ငှားမလား စဉ်းစား လိုက်တော့ အိတ်ထဲမှ ငွေ ၅၀၀ ပျံထွက် သွားမယ့် အရေး တွေးပြီး ဆိုင်ကယ် တက္ကစီ ငှားမယ့် အစီအစဉ်ကို ဖျက်လိုက် ရတယ်။ သုံးဘီး စီးမယ် စဉ်းစား လိုက်ပြန် တော့လည်း ငွေ ၂၀၀ အကုန် မခံချင်။
အဲဒါ နဲ့ပဲ လမ်းလျှောက်ဖို့ ဆုံးဖြတ် လိုက်ပြီး အဆောင် ဘက်သို့ ဦးတည်ကာ တစ်လှမ်းချင်း လျှောက်ပြီး ပြန်လာ ခဲ့တယ်။ နေကလည်း ပူသလား မမေးနဲ့။ ရေနွေး ပေါင်းအိုးထဲ ဝင်နေရ သလိုပဲ။ ပိုက်ဆံ အကုန် မခံချင် တော့လည်း ဒီလောက်တော့ ဒုက္ခခံရ မှာပေါ့။ အဲဒီလိုနဲ့ လျှောက်လာ လိုက်တာ လမ်းတဝက်လောက် ရောက်တော့ အနောက်မှ လူတစ်ယောက် ခေါ်သံကို ကြားတာနဲ့ လှည့်ကြည့် လိုက်တယ်။ မျက်လုံး ချင်းဆုံ မိတော့ သူက ပြောတယ်။ အစ်ကိုရယ် ကျွန်တော် (----) ကို သွားမ လို့ပါ။(သူပြောသော နေရာကို ကျွန်တော် ကောင်းစွာ မကြားမိ လိုက်ပါ) ကျွန်တော် လမ်းလျှောက် လာတာ ခြေထောက် တွေလည်း ညောင်းလှပြီ။ ဆက်ပြီး မလျှောက် နိုင်တော့လို့ ကျွန်တော့်ကို လမ်းစရိတ် ၂၀၀ လောက် ပေးပါတဲ့။ သူပြောတာ မဟုတ် မှန်းတော့ သိတယ်။ ဒါပေမဲ့ သူ့ပုံစံက သနားစရာ ကောင်းတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် ပေးလိုက် ပါမယ်လေ ဆိုပြီး အိတ်ထဲမှ ငွေ ၂၀၀ ထုတ်ပြီး ပေးလိုက် ပါတယ်။ ပြီးတော့မှ ငွေကုန်မှာ စိုးလို့ ကိုယ့်ကို ကိုယ်တောင် မသနားပဲ နေပူပူမှာ လမ်းလျှောက် လာပြီး သူများက လမ်းမလျှောက် နိုင်တော့ ဘူးလို့ ပြောတာကို မဟုတ်မှန်း သိရက်နဲ့ အိတ်ထဲက ငွေ၂၀၀ ကို လွယ်လွယ် ကူကူနဲ့ ထုတ်ပေး မိတဲ့ ကိုယ့် အဖြစ်ကို တွေးပြီး ရယ်မိ ပါတယ်။
သြော်… ဒါမျိုးတွေလည်း ဖြစ်တတ်ပါလားနော်။

အပြည့်အစုံသို့...

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၅)

တစ်ခုသောနံနက်ခင်းမှာ ကျွန်တော်ဈေးကိုသွားတယ်ဗျ။ သွားတာကတော့ ရည်ရွယ်ချက် နဲ့ဗျို့။ ကျွန်တော် ဈေးကို သွားတိုင်း အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေး နားကို သွားပြီး ကြည့်လေ့ ရှိတယ်ဗျ။ ဆိုင်ပေါ်မှာ ဘယ်လို ပစ္စည်း အသစ်အဆန်း လေးတွေ ရောက်နေမလဲ ဆိုပြီး သွားသွား ကြည့်တာ ပေါ့ဗျာ။ ကျွန်တော်က အီလက်ထရောနစ် ပစ္စည်း တွေဆို အရမ်း စိတ်ဝင် စားတယ်။

အဲဒီဆိုင်လေးမှာ ကျွန်တော် စိတ်ဝင်စားတဲ့ ပစ္စည်းလေး တစ်ခု ရှိတယ်ဗျ။ အဲဒါကတော့ မိုက်ပါ အသုံးပြုလို့ ရတဲ့ နားကြပ် ကလေး ပေါ့ဗျာ။ အဲဒီ ပစ္စည်းလေးကို ကျွန်တော် သွားတိုင်း တွေ့တယ်ဗျ။ အထက်က ပြောခဲ့တဲ့ ရည်ရွယ်ချက် ဆိုတာ အဲဒီ ပစ္စည်းလေးကို ဝယ်မလို့ဗျို့။ ပြောရရင်တော့ အဲဒီဆိုင်ကို ကျွန်တော် ရောက်သွားရော ဆိုပါတော့ဗျာ။ ထူးထူးဆန်းဆန်းဗျာ တိုက်ဆိုင် လို့လားမသိ အဲဒီ ပစ္စည်းလေး မရှိတော့ ဘူးဗျာ။ ကျွန်တော်လဲ သွားတိုင်း တွေ့နေကျ ပစ္စည်းလေး ဝယ်မယ် ဆိုတော့မှ မရှိတော့ဘူး ဆိုတော့ ကောင်းလိုက်တဲ့ ငါ့ကံရယ် လို့တွေးပြီး စိတ်ပျက်ပျက်နဲ့ အဆောင်ကို ပြန်ခဲ့တယ်။ အဲဒီလိုနဲ့ အဆောင်မှာ ရေမိုးချိုး လမ်းထိပ်မှာ ကြာဇံချက် သောက်မယ် ဆိုပြီး ကြာဇံချက် ရောင်းတဲ့ ဆိုင်ရှိတဲ့ နေရာကို လမ်းလျှောက် သွားခဲ့တယ်။ ဆိုင်လည်း ရောက်ရော နေ့တိုင်း ဖွင့်တဲ့ ဆိုင်က ပိတ်တယ် တဲ့ဗျာ။ အဲဒါနဲ့ မထူး ပါဘူးလေ ဆိုပြီး အနီးမှာရှိတဲ့ လက်ဘက်ရည် ဆိုင်ကို သွားထိုင် လိုက်တယ်။ ဆိုင်ရောက်လို့ စားစရာ မှာပြန် တော့လည်း ၁၅ မိနစ်လောက် ကြာတဲ့အထိ ရောက်မလာဘူး။ အဲဒီအချိန် ဆိုင်မှာ ထိုင်နေတဲ့ သူလည်း သိပ်ရှိတာ မဟုတ်။ ကိုယ့်ရဲ့ ဒေါသ တွေကို ချုပ်တည်း ကိုယ့်ရဲ့ အဆင်မပြေ ဖြစ်မှု တွေကို တွေးရင်း ဟိုကြည့် ဒီကြည့် လုပ်လိုက်တာ ရွှေရောင် တဝင်းဝင်းနဲ့ စေတီက မြင်ကွင်း ထဲကို ရောက်လာတယ်။ စေတီကို မြင်တော့ သွားပြီး ပုတီးစိတ် ချင်တဲ့ စိတ်က ဖြစ်လာတာနဲ့ လက်ဘက်ရည်ဖိုး ပိုက်ဆံ ရှင်းပြီး ဘုရား ဆီကို လျှောက်လာ ခဲ့တယ်။ ဘုရားပေါ် ရောက်တော့ လှူဒါန်း ထားတဲ့ ပုတီး တစ်ကုံးကို ယူပြီး အဆင်သင့်တဲ့ တစ်နေရာမှာ ဝင်ထိုင် လိုက်တယ်။ ပြီးတော့ ဂုဏ်တော် ကွန်ချာကို စိတ်ထဲက မှတ်ပြီး ပုတီး စိတ်ခြင်း အလုပ်ကို စတင် လိုက်တယ်။ ပြီးလဲပြီးရော ဂုဏ်တော် ကွန်ချာလည်း တပတ်ပြည့် ပုတီးလည်းဆုံး အဲဒီလိုဖြစ်ရမှာ။ အခုတော့ တစ်လုံး ပိုနေတယ်။ ငါများ တစ်နေ ရာရာမှာ ကျော်ပြီး ဆိုမိ သလား တွေပြီး ပုတီးကို ပြန်ရေ ကြည့်တော့ ၁၀၉ လုံးဖြစ်နေ တယ်ဗျာ။
ကဲ… ဒါမျိုးတွေလဲဖြစ်တတ်ပါလားနော်။

အပြည့်အစုံသို့...

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၃)

ကျွန်တော်တို့သူငယ်ချင်းတွေက ကျောင်းကပြန်ရင် လမ်းဘေးမှာရှိတဲ့ မီနီမတ်ကလေးထဲကို ဝင်ပြီးဈေးဝယ်လေ့ရှိတယ်။ တစ်နေ့ကျောင်းကအပြန် အဲဒီမီနီမတ်ထဲကို ထုံးစံအတိုင်း ဈေးဝင် ဝယ်တာပေါ့။

ဆိုင်ထဲကိုဝင်တော့ သူငယ်ချင်းကရှေ့ကဝင်သွားတယ်။ ကျွန်တော်က နောက်မှာ ကျန်ခဲ့ပြီး သူ့ကိုမျက်ခြေပြတ်သွားတယ်။ ဆိုင်ထဲကိုရောက်တော့ ကျွန်တော်က သကြားဝယ်ချင်တယ်… ဒါပေမဲ့ သကြားကို သူတို့နိုင်ငံဘာသာနဲ့ ဘယ်လိုခေါ်လဲဆိုတာ မသိဘူး… အဲဒါနဲ့သူငယ်ချင်းကို မေးမယ်ဆိုပြီးသူငယ်ချင်းကို လိုက်ရှာတယ်… တွေ့ပြီ… ကျွန်တော်နောက်ကနေ သူ့ကိုပခုံးဖက်ပြီး မေးလိုက်တယ်… သကြားကိုသူတို့နိုင်ငံဘာသာနဲ့ ဘယ်လိုခေါ်သလဲပေါ့… အဲဒီတော့ သူကဘယ်လိုနားလည်လိုက်သလဲ မသိဘူး… ကျွန်တော့်ကို ၈ နာရီထိုးပြီလို့ပြန်ပြောတယ်… အဲဒါနဲ့ကျွန်တော်လည်း သူ့ကိုသေသေချာချာ ကြည့်လိုက်တယ်… သူ့ကိုလည်းမြင်ရော ကျွန်တော်လည်းဘာပြောရမှန်းမသိဖြစ်သွားတယ်… သူက ကျွန်တော့်သူငယ်ချင်းမဟုတ်ပဲ အဘိုးကြီးတစ်ယောက်ဖြစ်နေတာကိုး… အဲဒီတော့မှ ကျွန်တော်လည်း လူမှားတဲ့အကြောင်းပြောပြီးတောင်းပန်ရတော့တာပေါ့… အဘိုးကြီးကလည်း ကိစ္စမရှိပါဘူး… သူနားလည်ပါတယ် ဆိုတဲ့ အကြောင်းပြောပြီးထွက်သွားပါတယ်… ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်နော်…

အပြည့်အစုံသို့...

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၂)

ကျွန်တော် တစ်ခြားနိုင်ငံတစ်ခုမှာ ကျောင်းတက်တုန်းက ဖြစ်အပျက်ကလေး တစ်ခုကို ပြောပြချင်ပါတယ်… တနေ့ကျောင်းမှာ ကျောင်းစဖွင့်ချိန်ဆိုတော့ စာအုပ်တွေငှားဖို့ လိုအပ်လာပါတယ်… အဲဒါနဲ့သူငယ်ချင်းတွေစုပြီး စာအုပ်ငှားဖို့ စာကြည့်တိုက်ကို သွားကြတာပေါ့…

အဲဒါနဲ့သူငယ်ချင်းတွေစုပြီး စာအုပ်ငှားဖို့ စာကြည့်တိုက်ကို သွားကြတာပေါ့… စာကြည့်တိုက်ရောက်တော့ ကျောင်းသားတွေက အများကြီးပဲ တန်းစီနေကြတာ… အဲဒါနဲ့ကျွန်တော်တို့လည်း ဝင်ပြီးတန်းစီနေတာပေါ့… လူတွေကလည်းများ လိုက်တာမှ လျော့သွားတယ်လို့ကိုမထင်ရဘူး… အဲဒီလိုနဲ့တန်းစီနေလိုက်တာ တစ်နာရီ ကြာလည်း ကိုယ့်အလှည့်မရောက် နှစ်နာရီကြာလည်း ကိုယ့်အလှည့် မရောက်နဲ့ စောင့် နေရတာပေါ့… လူတွေလည်း မတ်တပ်ရပ်နေရတာ ညောင်းလှပြီ… ပေါင်တွေလည်းတောင့်လှပြီ… လူအုပ်ကြီးထဲမှာ နေရတာ ဆိုတော့ မွန်းလည်းမွန်း အိုက်လည်းအိုက်နဲ့ အတော့်ကိုသည်းခံပြီးနေရတယ်… တစ်ဖြည်းဖြည်းနဲ့ လူတွေတော့ နဲနဲ ရှင်းသွားပြီ… ကိုယ့်အလှည့် ရောက်တော့မယ်… စောင့်လို့နှစ်နာရီခွဲ လောက်ကြာတော့ ကိုယ့်အလှည့် ရောက်လို့အထဲကို ဝမ်းသာအားရနဲ့ဝင်သွားတာပေါ့… အထဲလည်းရောက်ရော စာကြည့်တိုက် ဝန်ထမ်းမလေး ကပြောတယ်… ဒီနေ့ စာကြည့်တိုက်မဖွင့်ပါဘူးတဲ့… အခုတန်းစီနေတဲ့ သူတွေက ကျောင်းသား အသစ် တွေပါတဲ့… ကျောင်းအပ်မလို့ တန်းစီနေကြတာပါတဲ့… ကျွန်တော်တို့တွေလည်း ငိုရမလိုရီရမလိုဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတာနဲ့ သူ့ကို စိုက်ပြီးကြည့်နေ လိုက်ကြတယ်…သူကအမျိုးမျိုးရှင်းပြပေမဲ့ ကျွန်တော်တို့က သူ့ကိုပဲ စိုက်ကြည့်နေ ကြတယ်… သူလည်း နောက်ဆုံးတော့ ရှင်းပြနေတာနှင့် စာရင် စာအုပ် ငှားလိုက်တာက ပိုကောင်းမယ်ဆိုတာ သဘောပေါက်သွားတယ် ထင်ပါတယ်…ကျွန်တောက်တို့ကို ဘာစာအုပ်တွေယူမလဲမေးပြီး ပေးငှားလိုက်ပါတယ်…
အင်း… ဒါမျိုးတွေလည်းဖြစ်တတ်တာပဲနော်…

အပြည့်အစုံသို့...

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၁)

ကျွန်တော် ဆယ်တန်း အောင်ခါ စက ကျွန်တော့် ဦးကြီးက ကျွန်တော့်ကို မူလတန်းပြ ဆရာ လုပ်ခိုင်း ပါတယ်။ ကျွန်တော်က မလုပ်ချင်ဘူး။ အဲဒီတုန်းက ကျွန်တော့် ဦးကြီးက လက်ထောက်ပညာရေးမှူးဗျ။ ကျွန်တော်က အိမ်ကို မလုပ်ချင်ဘူး လို့ပြောတော့ ကျွန်တော့် အဖေ ကလည်း ဦးကြီးဆန္ဒကို မဆန့်ကျင် ချင်ဘူး ပေါ့ဗျာ။

ကျွန်တော့် အဖေက အငယ်ဆုံး ဆိုတော့ သူ့ကို ကြောက်ရတယ်။ အဲဒါနဲ့ပဲ ကျွန်တော် ဦးကြီး ဆန္ဒကို လိုက်လျော ရမယ့် အခြေအနေ ဖြစ်သွား တာပေါ့။ ဒီလိုနဲ့ မူလတန်းပြ ဆရာ ရာထူး အတွက် အင်တာဗျူး ဖြေဖို့ ဖြစ်လာ တာပေါ့။ မေးမည့် အထဲမှာ ကျွန်တော့် ဦးကြီးလည်း ပါတယ်ဗျ။ အင်တာဗျူး ဖြေရမယ့်နေ့ ရောက်တော့ ကျွန်တော်လည်း သွားရတာပေါ့။ အဲဒီလိုနဲ့ ဖြေကြရော ဆိုပါတော့ဗျာ။ ကျွန်တော်က နောက်ဆုံး ဖြေရတယ်ဗျ။ ရှေ့က သူတွေ ကတော့ ဟိုဟာတော့ ဖြေနိုင်တယ်။ ဒီဟာတော့ မဖြေနိုင်ဘူး ပြောနေ ကြတာ ပေါ့ဗျာ။ ကျွန်တော့် အလှည့် ရောက်တော့ အထဲကို ဝင်သွားတယ်။ ရောက်ရောက်ချင်း မိတ်ဆက် စကား ပြောပြီး သူတို့ မေးချင်တာ မေးပါ လေရော။ အဲဒီ အချိန်လည်း ရောက်ရော ကျွန်တော် ဘာဖြစ် သွားလည်း မသိဘူး။ ဘာဆို ဘာမှကို မသိ တော့တာ။ ဘယ်လောက် အထိ မသိ တော့ဘူးလဲ ဆိုရင် ကျွန်တော် အထက်တန်း ကျောင်းတုန်းက ကျောင်းအုပ် လည်းဖြစ် ကျွန်တော်တို့ ဆရာရင်း လည်းဖြစ်တဲ့ ဆရာကြီးရဲ့အမည် ကိုတောင် မမှတ်မိ တော့ဘူး။ ပြောရ ရင်တော့ သူတို့ မေးတာကို ဘာတစ်ခုမှ မဖြေနိုင်ခဲ့ ဘူးပေါ့ဗျာ။ ကျွန်တော့် ဦးကြီး အပါ အဝင် မေးတဲ့သူ အားလုံးက ကျွန်တော် ဆရာ မလုပ်ချင် လို့သာ တမင် မဖြေ တာလို့ ထင်နေ ကြတယ်။ ကျွန်တော့် ဦးကြီးဆို ဒီနေ့ထိ အဲဒီ လိုပဲ ထင်နေ တုန်းပဲ။ တကယ် ပြောတာပါ။ ကျွန်တော် တမင်လုပ်ခဲ့တာ မဟုတ် ပါဘူး။ အဲဒီ အချိန် တုန်းက ဘာဆို ဘာမှ မမှတ်မိ တော့တာပါ။ ဒါမျိုး တွေလည်း ဖြစ်တတ်ပါ တယ်ဗျာ။
(မှတ်ချက်။ ။ အဲဒီတုန်းက ကျွန်တော် အလုပ်ရ ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဖြေတဲ့သူ အားလုံး အလုပ်ရ ခဲ့တာ မို့ပါ။ အင်တာဗျူး ကတော့ ထုံးတမ်း စဉ်လာ အရနှင့် နေရာ အနီး အဝေး အတွက်ပါ။ အဲဒီ တုန်းက ဆရာ လုပ်ချင် တဲ့သူ တော်တော် ရှားပါတယ်။ ကျွန်တော် ကတော့ ကျွန်တော်တို့ ရွာနဲ့ ၁၂ မိုင်လောက် ဝေးတဲ့ ရွာကလေးမှာ အလုပ် ရခဲ့ ပါတယ်။)

အပြည့်အစုံသို့...

Tuesday, September 4, 2007

သူတစ်ပါးကိုအားကျခြင်း

လူတို့၌ တစ်ပါးသူတို့ကိုမြင်လျှင် အားကျသော စိတ်ဓာတ် သဘောကလေးများ ရှိတတ်သည်။ သူတော်ကောင်းသူမြတ်လောင်း တို့ကို မြင်လျှင် ငါသည် ထိုသူကောင်းတို့ကဲ့သို့ ဖြစ်လျှင် ကောင်းလေစွဟူ၍ လည်းကောင်း၊ ပညာဉာဏ် ထက်မြက် ကြီးရင့်သော ပုဂ္ဂိုလ်ထူး တို့ကိုမြင်လျှင် ငါလည်း ထိုသို့သော ပညာရှိပုဂ္ဂိုလ်ကြီးဖြစ်ရသော် ကောင်းလေစွ ဟူ၍လည်းကောင်း၊ ဥစ္စာစည်းစိမ် ချမ်းသာ ကြွယ်ဝ သော သူဌေးသူကြွယ် တို့ကိုမြင်လျှင် ငါလည်း ၎င်းတို့ကဲ့သို့ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံမူ ကောင်းလေစွဟူ၍လည်းကောင်း တောင့်တ အပ်သော စိတ်အလိုဆန္ဒတို့သည် တိုက်တွန်းနှိုးဆော် ပေါ်လာတတ်ကြလေသည်။ သို့သော်လူတို့သည် တောင်းတကာမျှဖြစ်သည်။

မိမိတို့ တစ်သီးပုဂ္ဂလ အားဖြင့် ဆိုင်ရာဆိုင်ရာ ထူးခြားသော စိတ်ထား သဘောထား တို့မူကား တစ်ဦးနှင့်တစ်ဦး မတူနိုင်။ ပညာရှိ သော်လည်း ပညာချင်း မတူနိုင်။ ချမ်းသာကြွယ်ဝသော်လည်း ချမ်းသာခြင်းမတူနိုင်။ တစ်ယောက် တစ်မျိုး သာလျှင် ဖြစ်ချေသည်။ အချုပ် ကိုဆိုသော် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ပင် သူတစ်မျိုး ငါတစ်ဖုံ ဖြစ်ကြပေသည်။ တစ်ခါတစ်ရံ ကျွနိုပ် တို့သည် အလုပ်ချင်း တူသော်ငြားလည်း သူတစ်ပါး အလုပ်က ကောင်းနိုးနိုးဖြင့် ထိုသူ၏ အလုပ်ကို အားကျ တတ်ပေသည်။ သူတစ်ပါး စားနေသည်ကိုမြင်လျှင် မိမိလည်းစားလိုသောစိတ်များ ပေါ်လာတတ်သည်။ သို့သော် ကျွနိုပ်တို့သည် မိမိဘက်က ချည်းသာ မဟုတ်ဘဲ သူတစ်ပါး ဘက်ကပါ တစ်ပြိုင်နက်တည်း မြင်နိုင်စွမ်းသော သတ္တိရှိပါက မိမိသည် သူတစ်ပါးကို အားကျ နေခိုက် သူတစ်ပါး လည်း မိမိကို အားကျနေသည်ကို တွေ့ကောင်း တွေ့ရလိမ့်မည်။ စင်စစ်အားဖြင့် လောကကြီး၌ မည်သည့် အရာမဆို စိတ်အထင် မျှသာ ဖြစ်ကြပေသည်။ ဘဝအဖြစ်ချင်း မည်သို့ တူငြား သော်လည်း ကောင်းသည်ဟု ထင်ရသော သူတို့၌ ကောင်းလျှက်၊ မကောင်းဟု ထင် သောသူတို့၌ကား မကောင်းပင်ဖြစ်ပေသည်။
ဤအကြောင်းနှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ကောင်းသော ဒဏ္ဍာရီ ဝတ္ထု ကလေးတစ်ရပ် ရှိပေသည်။ ရှေးသရောအခါ မြည်းတစ် ကောင်နှင့် လားတစ်ကောင် တို့သည် ချောင်းငယ်ကလေး တစ်ချောင်းကို ဖြတ်ကူကြလေသည်။ မြည်းမှာ ကျောကုန်း၌ သိုးမွေးထုပ်ကြီး တစ်ထုပ် ပါလျှက်၊ လားမှာမူကား ဆားထုပ်ကြီး တစ်ထုပ် ပါရှိလေသည်။ ရေတွင်ကူး၍ ဖြတ်သန်းကြရာ လား၏ ကျေားကုန်းပေါ်ရှိ ဆားထုပ်မှာ ရေထိကာ ဆားများအရေပျော်၍ ကျကုန်သဖြင့် ဝန်ထုပ်မှာ များစွာ ပေါ့သွားလေသည်။ ကမ်းတစ်ဘက်သို့ ရောက်ကြသော အခါ လားကမြည်းအား မိမိ၏ဝန်ထုပ်ကို ရေစို သဖြင့် ပေါ့သွားကြောင်းကို ပြော၍၊ မြည်းသည်လည်း ငါ၏ဝန်ထုပ်ကို ဤသို့ရေစို လေက ပေါ့ကောင်း၏ဟု တွေးတောခါ နောက်တစ်ကြိမ် ချောင်းကိုဖြတ်သန်းရ သောအခါ ရေစိုအောင် များစွာဂရုစိုက် လေသည်။ သို့သော်မိမိ ဝန်ထုပ်မူကား ပေါ့၍သွားသည်မရှိ။ သိုးမွေးတွင်းသို့ ရေဝင်သဖြင့် သာလွန်လေးလံသောကြောင့် ခရီးဆက်လက်မသွားနိုင်ပဲ လမ်းခရီး တွင်လဲရရှာလေသည်။
စင်စစ် ကျွနိုပ်တို့တစ်ဦးစီသည် သူတစ်ပါးနှင့်မတူ တစ်သီးပုဂ္ဂလစီ ဖြစ်ကြသောကြောင့် သူတစ်ပါးနှင့် တူလိုပါသည်ဟု တောင့်တ ၍မရ၊ အားကျ၍ မဖြစ်။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် သွားရသည်ချည်း ဖြစ်သဖြင့် သူတစ်ပါးကို အားကျလျှက် အချိန်မကုန်စေ ကာ၊ မိမိတစ်ဘာသာပင်လျှင် အားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ဇေယျ ၂၀-၉-၁၉၃၃
မှတ်ချက်။ ဆရာကြီးဇေယျ၏ဆောင်းပါးကို တဆင့်ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။

အပြည့်အစုံသို့...

Saturday, August 11, 2007

ဗုဒ္ဓတရားတော်နှင့်ချမ်းသာခြင်း


ချမ်းသာခြင်းကို လူတို့အလိုရှိကြသည်။ ထို့ကြောင့်ချမ်းသာခြင်းကို လူတို့ရှာဖွေကြသည်။ သိုသော် ချမ်းသာခြင်းအစစ်ကို လူတို့ရှာဖွေတွေ့ရှိရန်အလွန်ခဲယဉ်းပေသည်။ ဗုဒ္ဓဘာသာဝင် များအဖို့ ချမ်းသာခြင်း အစစ်အမှန်ကို နိဗ္ဗာန်ဟု သတ်မှတ်ကြသည်။ နိဗ္ဗာန်၏ချမ်းသာခြင်းကို အမျိုးမျိုးဥပမာပေး၍ ဖော်ပြကြသည်။

ဆရာတော်တစ်ပါးရေးသားပြုစုထားသော စာအုပ် တစ်အုပ်တွင်ဖတ်ဖူးသည်။ သူကနိဗ္ဗာန်ကို ဆီမီးခွက်ဖြင့် ဉပမာပေးသည်။ ဆီမီးခွက်တွင် ထွန်းညှိထားသော မီးတောက်သည် ဆီမီးခွက်အတွင်းရှိ ဆီမကုန်သရွှေ့ တောက်လောင် နေမည်ဖြစ်သည်။ ဆီမီးခွက်အတွင်းရှိ ဆီကုန်သွားသော် မီးတောက်သည်အလိုလိုငြိမ်း သွားမည်ဖြစ်သည်။ ထိုမီးတောက် ဘယ်အရပ်သို့ ရောက်သွားသည်ကို မည်သူမျှ မပြောနိုင်ပါ။ သို့သော် ထိုမီးတောက်ပျောက်သွားသည်ကတော့အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ပင် သတ္တ၀ါတို့ သည် လောဘ၊ ဒေါသ၊ မောဟ ကိုမပယ်သတ်နိုင်သရွေ့ သံသရာတွင် လည်ပတ်နေကြရဦးမည်။ ရုပ်နာမ်တရားတို့ကို ပိုင်ဆိုင်နေကြ ရဉီးမည်။ ထိုတရားတို့ကိုပယ်သတ်နိုင်သောအခါ ဆီမီးခွက်အတွင်းရှိ ဆီကုန်သွားသဖြင့် မီးတောက်ကလေး ငြိမ်းသွားသကဲ့သို့ ရုပ်နာမ်တရားတို့ ချုပ်ငြိမ်းကာနိဗ္ဗာန်သို့ ဝင်ကြရမည်။ သို့သော် မီးတောက် ဘယ်အရပ်သို့ ရောက်သွားသည်ကို မသိသကဲ့သို့ နိဗ္ဗာန်သို့ဝင်သွားသောသူသည် အဘယ်သို့ ရောက်သွားသနည်းဆိုသည်ကို မသိနိုင်ပါ။ နိဗ္ဗာန်ဟူသည် ဘယ်နေရာ ဘယ်အရပ်ဟူ၍ ဖေါ်ပြ၍မရပါ။ ထိုကဲ့သို့ ဖော်ပြ၍ရလျှင် နိဗ္ဗာန်ဟု သတ်မှတ်၍မရပါ။ သတ်မှတ်၍ရလျှင် ရုပ်နာမ်တို့ရှိနေမည်။ ရုပ်နာမ်ရှိနေလျှင် ဆင်းရဲခြင်းရှိမည်။ ဆင်းရဲခြင်း ရှိလျှင်နိဗ္ဗာန်ဟုသတ်မှတ်၍ မရပါ။ ထိုဆရာတော်က ထိုကဲ့သို ဉပမာပေး၍ ရှင်းပြထားသည်။ရှေးပညာရှိအမတ်ဦးပေါ်ဦးကသူ့နည်းသူ့ဟန်ဖြင့်ဥပမာပေး၍ရှင်းပြထားပြန်သည်။ သူရှင်းပြပုံမှာ တစ်ခါတုန်းက သူသည်အရပ်ထဲသို့သွားရင်း မိသာလျှောက်နှင့် မိသာဂျောက် ညီအစ်မ နှစ်ယောက်အိမ်နားသို့ ရောက်သွား သည်။ အစ်မကြီးမိသာလျှောက်မှာ အိမ်ထောင်ရှိ ၍ မိသာဂျောက်မှာအပျိုဖြစ်သည်။ ဦးပေါ်ဦးအိမ်နား ရောက်သွားတော့ ညီအစ်မနှစ်ယောက် စကားပြောနေသံကိုကြားရသည်။ ညီမဖြစ်သူက အိမ်ထောင်ပြုခြင်း၏ အရသာသည် အဘယ်သို့ရှိသနည်းဟု အစ်မကိုမေးသည်။ အစ်မဖြစ်သူက အိမ်ထောင်းပြုခြင်း၏ အရသာသည် အရိုးထဲအသားထဲစိမ့်သွားအောင်ကောင်းသည်…သို့သော်အဘယ်ကဲ့သို့ ကောင်းသည်ကို တိတိကျကျ မပြော တတ်… ကောင်းသည်ကတော့သေချာသည်… ဘယ်၍ဘယ်မျှ ကောင်းသည် ကိုတော့ကိုယ်တိုင်ကြုံဘူးမှပင် သိလိမ့်မည်ဟုပြောသည်။ ထိုကဲ့သို့ပင် နိဗ္ဗာန်ဟူသည် ကောင်းသည် ကတော့သေချာသည်… ဘယ်၍ဘယ်မျှ ကောင်းသည်ကိုတော့ ကိုယ်တိုင်ကြုံဘူးမှပင်သိလိမ့်မည်ဟု ဦးပေါ်ဦးကရှင်းပြထားသည်။မည်သူတွေမည်ကဲ့သို့ရှင်းရှင်းလူတို့သည်နိဗ္ဗာန်၏အရသာ နိဗ္ဗာန်၏ချမ်းသာခြင်းကို ကောင်းစွာ နားမလည်ကြ။ နိဗ္ဗာန်ရောက်ဖူးသည် ဆိုသူများကလည်း တစ်ဖန်ပြန်၍ သတ္တလောကသို့ မရောက်ကြသဖြင့် ငါနိဗ္ဗာန်ရောက်ခဲ့ တုန်းကတော့ဒီလိုကွဟု ရှင်းပြနိုင်မည့်သူမရှိ။ ထို့ကြောင့်လူတို့သည် နိဗ္ဗာန်၏ချမ်းသာခြင်းကို မယုံတဝက် ယုံတဝက်ဖြစ်ကုန်၏။ ယခုခောတ်လူတို့သည် လက်တွေ့ကို ပို၍သဘောကျကြ၏။ နောင်မှရမည့် ချမ်းသာခြင်း ထက် ယခုလက်တွေ့ဘဝတွင်ရမည့်ချမ်းသာခြင်းကိုပိုလိုချင်ကြ၏။ ထို့ကြောင့် စည်းစိမ်ဥစ္စာ များကို တိုး၍တိုး၍ ရအောင်ရှာဖွေကြ၏။ စည်းစိမ်ဥစ္စာများများရလေ ပို၍ချမ်းသာလေဟု ထင်ကြ၏။ တကယ့်လက်တွေ့တွင်မူ ထိုကဲ့သိုမဟုတ်။ လူတို့သည်ချမ်းသာခြင်းကိုရှာဖွေရင်းနှင့် ပင်ပန်း ဆင်းရဲခြင်းတို့ကိုခံစားနေရ၏။ များများ လိုချင်လေ များများဆင်းရဲလေဖြစ်၏။ ထိုသို့ဆို၍ ဘာမှမလိုချင်ဘူးဟုဆိုကာ ဘာမှမလုပ်ပဲထိုင်နေရင်ကော ချမ်းသာခြင်းကိုရမှာလားဟု မေးစရာဖြစ်လာ၏။ ၎င်းအမေးအတွက် ဗုဒ္ဓဟောကြားထားသော ချမ်းသာခြင်း နည်းလမ်းသုံးသွယ်ကိုတင်ပြလို၏။ ပထမနည်းလမ်းမှာ တင်းတိမ်ရောင့်ရဲရန်ဖြစ်၏။ တင်းတိမ်ရောင့်ရဲ သည်ဆိုရာ၌ ရှိတာနဲ့တင်းတိမ်ရောင့်ရဲ ရမည်ဟုမဆိုလို။ ကိုယ့်ရဲ့ကံစွမ်း ဉာဏ်စွမ်းရှိသလောက် နဲ့အတတ်နိုင်ဆုံးရအောင်ရှာဖွေပါ။ အဲဒီလို ရှာဖွေလို့ရတာနဲ့ကြေနပ်အောင်နေပါဟုဆိုလိုသည်။ဒုတိယနည်းလမ်းကတော့ အဆိုးထဲကအကောင်းကို မြင်အောင်ရွေးပြီးကြည့်တဲ့နည်းပါ။ အဲဒီအတွက် ဥပမာ လေးကိုဘုန်းကြီးတစ်ပါးကအောက်ပါအတိုင်းပြောပြပါတယ်။ သူငယ်ငယ်တုန်း ကအရမ်းလိုချင်တယ်ဆိုလို့ သူ့အမေကရေအိုးလေးတစ်လုံး ဝယ်ပေးပါတယ်တဲ့။ အဲဒီရေအိုးလေးနဲ့ ရေခပ်ရတာကို သူအရမ်း နှစ်သက် ပါတယ်တဲ့။ တစ်နေ့မှာ ရေခပ်ရင်းနဲ့ရေအိုးလေးကို နှုတ်ခမ်းက နေပြီးမလိုက်တာ အိုးလေးအောက်ဖက်ကနေပြီး ပွင့်ထွက်သွားပါတယ်တဲ့။ အဲဒီလို သူနှစ်သက်တဲ့ရေအိုးလေးကွဲသွားတာကို ဝမ်းနည်ဲးရမယ့်အစား အိုးကွဲတော့ ကရွတ်တောင် ရသေးတယ်လို့စိတ်ထဲမှာနှလုံးသွင်းလိုက်တော့စိတ်သက်သာ ရာရခဲ့ဘူးပါတယ်တဲ့။ အဲဒီတုန်း ကတော့ အဲဒီနည်းကိုသိလို့ နှလုံးသွင်းခဲ့တာမဟုတ်ပါဘူးတဲ့။ နောက်မှ ငယ်ငယ်တုန်းက ဖြစ်ခဲ့တာ ဒီသဘောပဲ လို့ သိခဲ့ရတာပါတဲ့။တတိယနည်းလမ်းကတော့ အတိတ်ကိုလည်းမပြန်နဲ့ အနာဂါတ်ကိုလည်းမကြံနဲ့ ပစ္စုပ္ပန် တည့်တည့်နေပါတဲ့။ ဒါပေမဲ့ အတိတ်ကသင်ခန်းစာတွေကိုယူပြီး အနာဂါတ်အတွက် ဘယ်လိုပြင်ဆင်မလဲ ဆိုတာတော့ စဉ်းစားသင့် ပါတယ်တဲ့။ ဆိုလိုတာကတော့ အတိတ်က စိတ်ညစ် စရာတွေကိုတွေးပြိးစိတ်ညစ်နေတာမျိုး၊ အနာဂါတ်အတွက် တွေးပြီးပူပန်နေတာမျိုး မလုပ်သင့်ပါဘူး။ အတိတ်ကသင်ခန်းစာတွေကိုယူပြိး၊ အနာဂါတ်အတွက် ဘယ်လို ပြင်ဆင်မလဲ ဆိုတာစဉ်းစားပြီး ပစ္စုပ္ပန်မှာလုပ်နေဖို့ပါ။အထက်ပါနည်းလမ်းများသည်အမှန်တကယ်လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက အလွန်တန်ဖိုးရှိသော နည်းလမ်း များဖြစ်ပါသည်။ ထိုနည်းလမ်းများကို လေ့လာကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ချမ်းသာခြင်း အစစ်အမှန်ကိုရရှိရန် ဥစ္စာပစ္စည်းများကို နေ့မအားညမနား ရှာဖွေရုံနှင့်မပြီး။ ကျွန်ုပ်တို့၏စိတ်ဓာတ်များကိုပါ ပြင်ဆင်ပေးရန် လိုအပ် ကြောင်းပေါ်လွင်နေပေသည်။
ဝေဖန်အကြံပေးလိုပါကဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။
mmk

အပြည့်အစုံသို့...