Vist Lovebird Mania, the website dedicated to Lovebirds MINMINKO: ဗုဒ္ဓတရားတော်နှင့်ချမ်းသာခြင်း
Please click play buttom to play song

Saturday, August 11, 2007

ဗုဒ္ဓတရားတော်နှင့်ချမ်းသာခြင်း


ချမ်းသာခြင်းကို လူတို့အလိုရှိကြသည်။ ထို့ကြောင့်ချမ်းသာခြင်းကို လူတို့ရှာဖွေကြသည်။ သိုသော် ချမ်းသာခြင်းအစစ်ကို လူတို့ရှာဖွေတွေ့ရှိရန်အလွန်ခဲယဉ်းပေသည်။ ဗုဒ္ဓဘာသာဝင် များအဖို့ ချမ်းသာခြင်း အစစ်အမှန်ကို နိဗ္ဗာန်ဟု သတ်မှတ်ကြသည်။ နိဗ္ဗာန်၏ချမ်းသာခြင်းကို အမျိုးမျိုးဥပမာပေး၍ ဖော်ပြကြသည်။

ဆရာတော်တစ်ပါးရေးသားပြုစုထားသော စာအုပ် တစ်အုပ်တွင်ဖတ်ဖူးသည်။ သူကနိဗ္ဗာန်ကို ဆီမီးခွက်ဖြင့် ဉပမာပေးသည်။ ဆီမီးခွက်တွင် ထွန်းညှိထားသော မီးတောက်သည် ဆီမီးခွက်အတွင်းရှိ ဆီမကုန်သရွှေ့ တောက်လောင် နေမည်ဖြစ်သည်။ ဆီမီးခွက်အတွင်းရှိ ဆီကုန်သွားသော် မီးတောက်သည်အလိုလိုငြိမ်း သွားမည်ဖြစ်သည်။ ထိုမီးတောက် ဘယ်အရပ်သို့ ရောက်သွားသည်ကို မည်သူမျှ မပြောနိုင်ပါ။ သို့သော် ထိုမီးတောက်ပျောက်သွားသည်ကတော့အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ပင် သတ္တ၀ါတို့ သည် လောဘ၊ ဒေါသ၊ မောဟ ကိုမပယ်သတ်နိုင်သရွေ့ သံသရာတွင် လည်ပတ်နေကြရဦးမည်။ ရုပ်နာမ်တရားတို့ကို ပိုင်ဆိုင်နေကြ ရဉီးမည်။ ထိုတရားတို့ကိုပယ်သတ်နိုင်သောအခါ ဆီမီးခွက်အတွင်းရှိ ဆီကုန်သွားသဖြင့် မီးတောက်ကလေး ငြိမ်းသွားသကဲ့သို့ ရုပ်နာမ်တရားတို့ ချုပ်ငြိမ်းကာနိဗ္ဗာန်သို့ ဝင်ကြရမည်။ သို့သော် မီးတောက် ဘယ်အရပ်သို့ ရောက်သွားသည်ကို မသိသကဲ့သို့ နိဗ္ဗာန်သို့ဝင်သွားသောသူသည် အဘယ်သို့ ရောက်သွားသနည်းဆိုသည်ကို မသိနိုင်ပါ။ နိဗ္ဗာန်ဟူသည် ဘယ်နေရာ ဘယ်အရပ်ဟူ၍ ဖေါ်ပြ၍မရပါ။ ထိုကဲ့သို့ ဖော်ပြ၍ရလျှင် နိဗ္ဗာန်ဟု သတ်မှတ်၍မရပါ။ သတ်မှတ်၍ရလျှင် ရုပ်နာမ်တို့ရှိနေမည်။ ရုပ်နာမ်ရှိနေလျှင် ဆင်းရဲခြင်းရှိမည်။ ဆင်းရဲခြင်း ရှိလျှင်နိဗ္ဗာန်ဟုသတ်မှတ်၍ မရပါ။ ထိုဆရာတော်က ထိုကဲ့သို ဉပမာပေး၍ ရှင်းပြထားသည်။ရှေးပညာရှိအမတ်ဦးပေါ်ဦးကသူ့နည်းသူ့ဟန်ဖြင့်ဥပမာပေး၍ရှင်းပြထားပြန်သည်။ သူရှင်းပြပုံမှာ တစ်ခါတုန်းက သူသည်အရပ်ထဲသို့သွားရင်း မိသာလျှောက်နှင့် မိသာဂျောက် ညီအစ်မ နှစ်ယောက်အိမ်နားသို့ ရောက်သွား သည်။ အစ်မကြီးမိသာလျှောက်မှာ အိမ်ထောင်ရှိ ၍ မိသာဂျောက်မှာအပျိုဖြစ်သည်။ ဦးပေါ်ဦးအိမ်နား ရောက်သွားတော့ ညီအစ်မနှစ်ယောက် စကားပြောနေသံကိုကြားရသည်။ ညီမဖြစ်သူက အိမ်ထောင်ပြုခြင်း၏ အရသာသည် အဘယ်သို့ရှိသနည်းဟု အစ်မကိုမေးသည်။ အစ်မဖြစ်သူက အိမ်ထောင်းပြုခြင်း၏ အရသာသည် အရိုးထဲအသားထဲစိမ့်သွားအောင်ကောင်းသည်…သို့သော်အဘယ်ကဲ့သို့ ကောင်းသည်ကို တိတိကျကျ မပြော တတ်… ကောင်းသည်ကတော့သေချာသည်… ဘယ်၍ဘယ်မျှ ကောင်းသည် ကိုတော့ကိုယ်တိုင်ကြုံဘူးမှပင် သိလိမ့်မည်ဟုပြောသည်။ ထိုကဲ့သို့ပင် နိဗ္ဗာန်ဟူသည် ကောင်းသည် ကတော့သေချာသည်… ဘယ်၍ဘယ်မျှ ကောင်းသည်ကိုတော့ ကိုယ်တိုင်ကြုံဘူးမှပင်သိလိမ့်မည်ဟု ဦးပေါ်ဦးကရှင်းပြထားသည်။မည်သူတွေမည်ကဲ့သို့ရှင်းရှင်းလူတို့သည်နိဗ္ဗာန်၏အရသာ နိဗ္ဗာန်၏ချမ်းသာခြင်းကို ကောင်းစွာ နားမလည်ကြ။ နိဗ္ဗာန်ရောက်ဖူးသည် ဆိုသူများကလည်း တစ်ဖန်ပြန်၍ သတ္တလောကသို့ မရောက်ကြသဖြင့် ငါနိဗ္ဗာန်ရောက်ခဲ့ တုန်းကတော့ဒီလိုကွဟု ရှင်းပြနိုင်မည့်သူမရှိ။ ထို့ကြောင့်လူတို့သည် နိဗ္ဗာန်၏ချမ်းသာခြင်းကို မယုံတဝက် ယုံတဝက်ဖြစ်ကုန်၏။ ယခုခောတ်လူတို့သည် လက်တွေ့ကို ပို၍သဘောကျကြ၏။ နောင်မှရမည့် ချမ်းသာခြင်း ထက် ယခုလက်တွေ့ဘဝတွင်ရမည့်ချမ်းသာခြင်းကိုပိုလိုချင်ကြ၏။ ထို့ကြောင့် စည်းစိမ်ဥစ္စာ များကို တိုး၍တိုး၍ ရအောင်ရှာဖွေကြ၏။ စည်းစိမ်ဥစ္စာများများရလေ ပို၍ချမ်းသာလေဟု ထင်ကြ၏။ တကယ့်လက်တွေ့တွင်မူ ထိုကဲ့သိုမဟုတ်။ လူတို့သည်ချမ်းသာခြင်းကိုရှာဖွေရင်းနှင့် ပင်ပန်း ဆင်းရဲခြင်းတို့ကိုခံစားနေရ၏။ များများ လိုချင်လေ များများဆင်းရဲလေဖြစ်၏။ ထိုသို့ဆို၍ ဘာမှမလိုချင်ဘူးဟုဆိုကာ ဘာမှမလုပ်ပဲထိုင်နေရင်ကော ချမ်းသာခြင်းကိုရမှာလားဟု မေးစရာဖြစ်လာ၏။ ၎င်းအမေးအတွက် ဗုဒ္ဓဟောကြားထားသော ချမ်းသာခြင်း နည်းလမ်းသုံးသွယ်ကိုတင်ပြလို၏။ ပထမနည်းလမ်းမှာ တင်းတိမ်ရောင့်ရဲရန်ဖြစ်၏။ တင်းတိမ်ရောင့်ရဲ သည်ဆိုရာ၌ ရှိတာနဲ့တင်းတိမ်ရောင့်ရဲ ရမည်ဟုမဆိုလို။ ကိုယ့်ရဲ့ကံစွမ်း ဉာဏ်စွမ်းရှိသလောက် နဲ့အတတ်နိုင်ဆုံးရအောင်ရှာဖွေပါ။ အဲဒီလို ရှာဖွေလို့ရတာနဲ့ကြေနပ်အောင်နေပါဟုဆိုလိုသည်။ဒုတိယနည်းလမ်းကတော့ အဆိုးထဲကအကောင်းကို မြင်အောင်ရွေးပြီးကြည့်တဲ့နည်းပါ။ အဲဒီအတွက် ဥပမာ လေးကိုဘုန်းကြီးတစ်ပါးကအောက်ပါအတိုင်းပြောပြပါတယ်။ သူငယ်ငယ်တုန်း ကအရမ်းလိုချင်တယ်ဆိုလို့ သူ့အမေကရေအိုးလေးတစ်လုံး ဝယ်ပေးပါတယ်တဲ့။ အဲဒီရေအိုးလေးနဲ့ ရေခပ်ရတာကို သူအရမ်း နှစ်သက် ပါတယ်တဲ့။ တစ်နေ့မှာ ရေခပ်ရင်းနဲ့ရေအိုးလေးကို နှုတ်ခမ်းက နေပြီးမလိုက်တာ အိုးလေးအောက်ဖက်ကနေပြီး ပွင့်ထွက်သွားပါတယ်တဲ့။ အဲဒီလို သူနှစ်သက်တဲ့ရေအိုးလေးကွဲသွားတာကို ဝမ်းနည်ဲးရမယ့်အစား အိုးကွဲတော့ ကရွတ်တောင် ရသေးတယ်လို့စိတ်ထဲမှာနှလုံးသွင်းလိုက်တော့စိတ်သက်သာ ရာရခဲ့ဘူးပါတယ်တဲ့။ အဲဒီတုန်း ကတော့ အဲဒီနည်းကိုသိလို့ နှလုံးသွင်းခဲ့တာမဟုတ်ပါဘူးတဲ့။ နောက်မှ ငယ်ငယ်တုန်းက ဖြစ်ခဲ့တာ ဒီသဘောပဲ လို့ သိခဲ့ရတာပါတဲ့။တတိယနည်းလမ်းကတော့ အတိတ်ကိုလည်းမပြန်နဲ့ အနာဂါတ်ကိုလည်းမကြံနဲ့ ပစ္စုပ္ပန် တည့်တည့်နေပါတဲ့။ ဒါပေမဲ့ အတိတ်ကသင်ခန်းစာတွေကိုယူပြီး အနာဂါတ်အတွက် ဘယ်လိုပြင်ဆင်မလဲ ဆိုတာတော့ စဉ်းစားသင့် ပါတယ်တဲ့။ ဆိုလိုတာကတော့ အတိတ်က စိတ်ညစ် စရာတွေကိုတွေးပြိးစိတ်ညစ်နေတာမျိုး၊ အနာဂါတ်အတွက် တွေးပြီးပူပန်နေတာမျိုး မလုပ်သင့်ပါဘူး။ အတိတ်ကသင်ခန်းစာတွေကိုယူပြိး၊ အနာဂါတ်အတွက် ဘယ်လို ပြင်ဆင်မလဲ ဆိုတာစဉ်းစားပြီး ပစ္စုပ္ပန်မှာလုပ်နေဖို့ပါ။အထက်ပါနည်းလမ်းများသည်အမှန်တကယ်လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက အလွန်တန်ဖိုးရှိသော နည်းလမ်း များဖြစ်ပါသည်။ ထိုနည်းလမ်းများကို လေ့လာကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ချမ်းသာခြင်း အစစ်အမှန်ကိုရရှိရန် ဥစ္စာပစ္စည်းများကို နေ့မအားညမနား ရှာဖွေရုံနှင့်မပြီး။ ကျွန်ုပ်တို့၏စိတ်ဓာတ်များကိုပါ ပြင်ဆင်ပေးရန် လိုအပ် ကြောင်းပေါ်လွင်နေပေသည်။
ဝေဖန်အကြံပေးလိုပါကဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။
mmk

2 comments:

Hlaing Htun said...

မည်သူတွေမည်ကဲ့သို့ရှင်းရှင်းလူတို့သည်နိဗ္ဗာန်၏အရသာ နိဗ္ဗာန်၏ချမ်းသာခြင်းကို ကောင်းစွာ နားမလည်ကြ။ နိဗ္ဗာန်ရောက်ဖူးသည် ဆိုသူများကလည်း တစ်ဖန်ပြန်၍ သတ္တလောကသို့ မရောက်ကြသဖြင့် ငါနိဗ္ဗာန်ရောက်ခဲ့ တုန်းကတော့ဒီလိုကွဟု ရှင်းပြနိုင်မည့်သူမရှိ။ ထို့ကြောင့်လူတို့သည် နိဗ္ဗာန်၏ချမ်းသာခြင်းကို မယုံတဝက် ယုံတဝက်ဖြစ်ကုန်၏။ ယခုခောတ်လူတို့သည် လက်တွေ့ကို ပို၍သဘောကျကြ၏။
***ရှင်းပြထားတဲ့စာတွေ ရှိမယ်ထင်တယ်။ တတ်နိုင်သလောက် (ဖတ်မဲ့သူတွေ) နားလည်အောင် post တင်ပါအုံး။

ရွက်ဝါ said...

သူငယ်ချင်းတို့ရေ.. ကျောင်းအတူတတ်နေကြတုန်းက အကျင့်အတိုင်း ကြားဖူးသမျှလေးနဲ့ ဆရာလုပ်ဦးမယ်။
ချမ်းသာခြင်း ၇ မျိုးရှိသတဲ့
၁၊ လူ့ကာမဂုဏ် ချမ်းသာ။
၂၊ နတ်ကာမဂုဏ် ချမ်းသာ။
၃၊ ဈန်ချမ်းသာ။
၎၊ ၀ိပဿနာချမ်းသာ။
လောကီချမ်းသာ ၄ မျိုး။။
၅၊ မဂ်ချမ်းသာ။
၆၊ ဖိုချမ်းသာ။
၇၊ နိဗ္ဗာန်ချမ်းသာ။
လောကုတ္တရာချမ်းသာ ၃ မျိုး။။
ပထမ ၂ မျိုးကတော့ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ ချမ်းသာခြင်တွေဖြစ်လိုသူတော်ကောင်းများ ရွံမုန်းကြတယ်။ လူမိုက်များသာ မက်မောတဲ၊့ နိမ့်ကျသော မတည်မြဲသော ချမ်းသာခြင်းတွေဖြစ်တယ်တဲ့။
တတိယချမ်းသာဖြစ်တဲ့ ဈန်ချမ်းသာကတော့ သူတော်ကောင်းတရားတို့ကို သမာဓိအားကောင်းကောင်းနဲ့ ကျင့်ကြံအားထုတ်သူတွေသာ ရနိုင်တဲ့ ချမ်းသာဖြစ်တယ်။ ကာမဂုဏ်နဲ့ ဆက်စပ်ခြင်းမရှိလို့ ရွံရှာဖွယ် ချမ်းသာခြင်မျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် တဏှာ၊ လောဘ အစရှိတဲ့ ကိလေသာတွေကို ပယ်သတ်နိုင်တဲ့ဉာဏ်မပါလို့ ခိုင်မြဲခြင်းမရှိဘူး။ မက်မောဖွယ် ကာမဂုဏ်တရားတို့နဲ့ တွေ့ရင် အချိန်မရွေး ဈန်လျှောနိုင်တယ်တဲ့။
ဝိပဿနာချမ်းသာကတော့ "ကာမဂုဏ်ချမ်းသာတွေဟာ မက်မောစရာမရှိဘူး၊ မမြဲသောချမ်းသာခြင်းတွေသာဖြစ်တယ်၊" ဆိုတာကို မြင်အောင်ကြည့်တဲ့ ဉာဏ်ပါတယ်။ ကာမဂုဏ်ချမ်းသာ အမျိုးမျိုးတို့ကို လိုလား တောင့်တတတ်တဲ့ တဏှာ၊ လောဘ စတဲ့ကိလေသာတွေကို နည်နိုင်သမျှနည်းအောင် (နောက်ဆုံးကိလေသာအားလုံး ကုန်ခန်းအောင်) သတိနဲ့ နေခြင်းက ၀ိပဿနာ အလုပ်ကို လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါတယ်။ ၀ိပဿနာအလုပ်ကို လုပ်နေသူတွေသာ ၀ိပဿနာချမ်းသာကို ခံစားနိုင်ပါတယ်။ အဲဒီချမ်းသာမှုကတော့ တကယ်ဟုတ်လား မဟုတ်လား လက်တွေ့ စမ်းသပ်လို့ရနိုင်ပါတယ်။ တဏှာနဲ့ လောဘအကြောင်းပြောရရင် ခက်ချင်ခက်နေပါ့မယ်။ ဒေါသကိလေသာကို နဲအောင်ထိမ်းတဲ့လူကို ကြည့်ပါ။ နဲနဲထိမ်းနိုင်ရင် နဲနဲချမ်းသာပါတယ်။ များများ ထိမ်းနိုင်ရင် များများချမ်းသာပါတယ်။ အဲဒါတွေက လက်တွေ့ စမ်းသပ်လို့လည်း ရနိုင်သလို၊ စမ်းသပ်ပြီးတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ရဲ့ စာပေဆိုတာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက အထွန်းကားဆုံးလို့ ဆိုရင်တောင်ရနိုင်မယ်ထင်ပါတယ်။
လောကုတ္တရာ ချမ်းသာ ၃ မျိုးကတော့ ရှင်းပြဖို့တော်တော်လေးကို ခက်ခဲပါလိမ္မယ်။ ဒါပေမယ့် အဲဒီချမ်းသာတွေဟာ ၀ိပဿနာအလုပ် လုပ်မှသာရနိုင်တဲ့ ချမ်းသာခြင်းတွေဖြစ်ပါတယ်။ ၀ိပဿနာချမ်းသာရဲ့ အေးချမ်းတဲ့သဘော၊ ချမ်းသာတဲ့သဘောကို ကောင်းကောင်းသဘောပေါက်ရင် အခုသူငယ်ခြင်တို့ပြောနေတဲ့ နိဗ္ဗာန်ချမ်းသာ အပါအ၀င် လောကုတ္တရာချမ်းသာ ၃ မျိုးစလုံးကို နားလည်သဘောပေါက် လာနိုင်လိမ္မယ်ထင်ပါတယ်။
နိဗ္ဗာန်ကနေ လာရှင်းပြမယ့်သူမရှိပေမယ့် ကိုယ်တိုင်နိဗ္ဗာန်ကို မရောက်ဖူးပေမယ့် နိဗ္ဗာန်ချမ်းသာကို နားလည်နိုင်စရာနည်း လမ်းကတော့ရှိပါတယ်။ စမ်းကြည့်ကြပါ သူငယ်ချင်တို့ရေ။ အားပေးပါတယ်။ ဆရာကျောင်းလည်း ဒီလိုဘလော့ဂ်မျိုးရေးတာကို ၀မ်းသာတယ်။ အားပေးမယ်။
စိတ်ဝင်စာမယ်ထင်တဲ့ ဘလော့ဂ်လေးတွေ ပေးလိုက်တယ်။ သွားဖတ်ကြည့်ဦး။
http://maydar-wii.blogspot.com
http://ahbidhamma.blogspot.com
http://ashinkawwida.blogspot.com