ကျွန်တော် ဆယ်တန်း အောင်ခါ စက ကျွန်တော့် ဦးကြီးက ကျွန်တော့်ကို မူလတန်းပြ ဆရာ လုပ်ခိုင်း ပါတယ်။ ကျွန်တော်က မလုပ်ချင်ဘူး။ အဲဒီတုန်းက ကျွန်တော့် ဦးကြီးက လက်ထောက်ပညာရေးမှူးဗျ။ ကျွန်တော်က အိမ်ကို မလုပ်ချင်ဘူး လို့ပြောတော့ ကျွန်တော့် အဖေ ကလည်း ဦးကြီးဆန္ဒကို မဆန့်ကျင် ချင်ဘူး ပေါ့ဗျာ။
ကျွန်တော့် အဖေက အငယ်ဆုံး ဆိုတော့ သူ့ကို ကြောက်ရတယ်။ အဲဒါနဲ့ပဲ ကျွန်တော် ဦးကြီး ဆန္ဒကို လိုက်လျော ရမယ့် အခြေအနေ ဖြစ်သွား တာပေါ့။ ဒီလိုနဲ့ မူလတန်းပြ ဆရာ ရာထူး အတွက် အင်တာဗျူး ဖြေဖို့ ဖြစ်လာ တာပေါ့။ မေးမည့် အထဲမှာ ကျွန်တော့် ဦးကြီးလည်း ပါတယ်ဗျ။ အင်တာဗျူး ဖြေရမယ့်နေ့ ရောက်တော့ ကျွန်တော်လည်း သွားရတာပေါ့။ အဲဒီလိုနဲ့ ဖြေကြရော ဆိုပါတော့ဗျာ။ ကျွန်တော်က နောက်ဆုံး ဖြေရတယ်ဗျ။ ရှေ့က သူတွေ ကတော့ ဟိုဟာတော့ ဖြေနိုင်တယ်။ ဒီဟာတော့ မဖြေနိုင်ဘူး ပြောနေ ကြတာ ပေါ့ဗျာ။ ကျွန်တော့် အလှည့် ရောက်တော့ အထဲကို ဝင်သွားတယ်။ ရောက်ရောက်ချင်း မိတ်ဆက် စကား ပြောပြီး သူတို့ မေးချင်တာ မေးပါ လေရော။ အဲဒီ အချိန်လည်း ရောက်ရော ကျွန်တော် ဘာဖြစ် သွားလည်း မသိဘူး။ ဘာဆို ဘာမှကို မသိ တော့တာ။ ဘယ်လောက် အထိ မသိ တော့ဘူးလဲ ဆိုရင် ကျွန်တော် အထက်တန်း ကျောင်းတုန်းက ကျောင်းအုပ် လည်းဖြစ် ကျွန်တော်တို့ ဆရာရင်း လည်းဖြစ်တဲ့ ဆရာကြီးရဲ့အမည် ကိုတောင် မမှတ်မိ တော့ဘူး။ ပြောရ ရင်တော့ သူတို့ မေးတာကို ဘာတစ်ခုမှ မဖြေနိုင်ခဲ့ ဘူးပေါ့ဗျာ။ ကျွန်တော့် ဦးကြီး အပါ အဝင် မေးတဲ့သူ အားလုံးက ကျွန်တော် ဆရာ မလုပ်ချင် လို့သာ တမင် မဖြေ တာလို့ ထင်နေ ကြတယ်။ ကျွန်တော့် ဦးကြီးဆို ဒီနေ့ထိ အဲဒီ လိုပဲ ထင်နေ တုန်းပဲ။ တကယ် ပြောတာပါ။ ကျွန်တော် တမင်လုပ်ခဲ့တာ မဟုတ် ပါဘူး။ အဲဒီ အချိန် တုန်းက ဘာဆို ဘာမှ မမှတ်မိ တော့တာပါ။ ဒါမျိုး တွေလည်း ဖြစ်တတ်ပါ တယ်ဗျာ။
(မှတ်ချက်။ ။ အဲဒီတုန်းက ကျွန်တော် အလုပ်ရ ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဖြေတဲ့သူ အားလုံး အလုပ်ရ ခဲ့တာ မို့ပါ။ အင်တာဗျူး ကတော့ ထုံးတမ်း စဉ်လာ အရနှင့် နေရာ အနီး အဝေး အတွက်ပါ။ အဲဒီ တုန်းက ဆရာ လုပ်ချင် တဲ့သူ တော်တော် ရှားပါတယ်။ ကျွန်တော် ကတော့ ကျွန်တော်တို့ ရွာနဲ့ ၁၂ မိုင်လောက် ဝေးတဲ့ ရွာကလေးမှာ အလုပ် ရခဲ့ ပါတယ်။)

No comments:
Post a Comment