တစ်ခုသော အားလပ် ရက်မှာ ငွေကုန် သက်သာ စေရန် ဆိုင်မှာ ဝယ်မစား ဘဲနဲ့ ကိုယ်တိုင် ချက်ပြုတ် စားမယ် ဆိုတဲ့ အတွေးနဲ့ ဈေးဝယ်ရန် အလို့ငှာ အဆောင်မှ ထွက်လာ ခဲ့ပါတယ်။ ဈေးကို ရောက်တော့ ဝယ်စရာ ရှိတာ တွေဝယ်ပြီး ပြန်မယ် လုပ်တော့ နေက အတော် ပူနေပြီ။ အဲဒါနဲ့ ဆိုင်ကယ် တက္ကစီ ငှားမလား စဉ်းစား လိုက်တော့ အိတ်ထဲမှ ငွေ ၅၀၀ ပျံထွက် သွားမယ့် အရေး တွေးပြီး ဆိုင်ကယ် တက္ကစီ ငှားမယ့် အစီအစဉ်ကို ဖျက်လိုက် ရတယ်။ သုံးဘီး စီးမယ် စဉ်းစား လိုက်ပြန် တော့လည်း ငွေ ၂၀၀ အကုန် မခံချင်။
အဲဒါ နဲ့ပဲ လမ်းလျှောက်ဖို့ ဆုံးဖြတ် လိုက်ပြီး အဆောင် ဘက်သို့ ဦးတည်ကာ တစ်လှမ်းချင်း လျှောက်ပြီး ပြန်လာ ခဲ့တယ်။ နေကလည်း ပူသလား မမေးနဲ့။ ရေနွေး ပေါင်းအိုးထဲ ဝင်နေရ သလိုပဲ။ ပိုက်ဆံ အကုန် မခံချင် တော့လည်း ဒီလောက်တော့ ဒုက္ခခံရ မှာပေါ့။ အဲဒီလိုနဲ့ လျှောက်လာ လိုက်တာ လမ်းတဝက်လောက် ရောက်တော့ အနောက်မှ လူတစ်ယောက် ခေါ်သံကို ကြားတာနဲ့ လှည့်ကြည့် လိုက်တယ်။ မျက်လုံး ချင်းဆုံ မိတော့ သူက ပြောတယ်။ အစ်ကိုရယ် ကျွန်တော် (----) ကို သွားမ လို့ပါ။(သူပြောသော နေရာကို ကျွန်တော် ကောင်းစွာ မကြားမိ လိုက်ပါ) ကျွန်တော် လမ်းလျှောက် လာတာ ခြေထောက် တွေလည်း ညောင်းလှပြီ။ ဆက်ပြီး မလျှောက် နိုင်တော့လို့ ကျွန်တော့်ကို လမ်းစရိတ် ၂၀၀ လောက် ပေးပါတဲ့။ သူပြောတာ မဟုတ် မှန်းတော့ သိတယ်။ ဒါပေမဲ့ သူ့ပုံစံက သနားစရာ ကောင်းတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် ပေးလိုက် ပါမယ်လေ ဆိုပြီး အိတ်ထဲမှ ငွေ ၂၀၀ ထုတ်ပြီး ပေးလိုက် ပါတယ်။ ပြီးတော့မှ ငွေကုန်မှာ စိုးလို့ ကိုယ့်ကို ကိုယ်တောင် မသနားပဲ နေပူပူမှာ လမ်းလျှောက် လာပြီး သူများက လမ်းမလျှောက် နိုင်တော့ ဘူးလို့ ပြောတာကို မဟုတ်မှန်း သိရက်နဲ့ အိတ်ထဲက ငွေ၂၀၀ ကို လွယ်လွယ် ကူကူနဲ့ ထုတ်ပေး မိတဲ့ ကိုယ့် အဖြစ်ကို တွေးပြီး ရယ်မိ ပါတယ်။
သြော်… ဒါမျိုးတွေလည်း ဖြစ်တတ်ပါလားနော်။

1 comment:
ပေးပြီမှတော့ ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားလိုက်ပါ။ နောက်တစ်ခါကျရင်တော့ ပေးသင့်မပေးသင့် စဉ်းစားပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျား စေတနာကို လေးစားပါတယ်။
Post a Comment